မြန်မာငွေကျပ် ၅၀၀၀ တည်းနှင့် မိုဘိုင်းဖုန်း တစ်လုံးအသုံးပြုနိုင်မည့် စီမံကိန်းတစ်ခုကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပြီးခွင့်ပြုချက်တောင်းခံထားသည်။
အဆိုပါ ကုမ္ပဏီမှာ ရွှေပြည်တံခွန် ကုမ္ပဏီဖြစ်ပြီး အထက်ပါစီမံကိန်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားခဲ့ခြင်းဖြစ်သည်။ သမ္မတရုံးမှခွင့်ပြုချက်သည် ၂၀၁၂ မတ်လအတွင်း ကျလာနိုင်သည်ဟု အဆိုပါ ကုမ္ပဏီက မျှော်လင့်နေပြီး ခွင့်ပြုချက်ကျသည့်အချိန်မှ ၃ လအတွင်း ထိုစီမံကိန်းအရအများပြည်သူသို့စတင်ရောင်းချမည်ဟု ယင်းကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။
ဂျီအက်စ်အမ်စနစ်ပေါ်တွင်အခြေခံထားသည်ဟုဆိုသော မြန်မာငွေကျပ် ၅၀၀၀ ဖြင့် ဆင်းမ်ကတ်တစ်ကတ်ကို အသုံးပြုနိုင်မည့် ယင်းမိုဘိုင်းစနစ်တွင် အထွက်ခေါ်ဆိုခတစ်မိနစ်လျှင် ၂၅ ကျပ်နှင့် နယ်ဝေးအထွက်ခေါ်ဆိုခ တစ်မိနစ်လျှင် ၃၀ ကျပ်သတ်မှတ်ထားသည်ဟုဆိုသည်။ အခြေခံလူတန်းစားများ၊ နိုင်ငံ့ဝန်ထမ်းများအတွက်ရည်ရွယ်ပြီး နိုင်ငံတကာနှုန်းထားများအတိုင်း ထုတ်လုပ်သွားမည်ဟု သိရသည်။
အထက်ပါအကြောင်းအရာကို ရွှေပြည်တံခွန်ကုမ္ပဏီက ၂၀၁၂ ဇန်န၀ါရီ ၃ ရက်တွင် နံနက် ၁၁ နာရီမှ ၁ နာရီအထိ ပြုလုပ်သော ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့်
တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
“အခုက စီမံကိန်းအစပိုင်းမို့လို့ ကျွန်တော်တို့က ဆင်းမ်ကဒ်တစ်ကတ်ရဲ့တန်ဖိုးကို ၅၀၀၀ သတ်မှတ်ထားတာပါ။ နောက်ပိုင်းဆိုရင် ဆင်းမ်ကတ်ကို အခမဲပြေးပြီးဖုန်းခေါ်ဆိုခကိုပဲ ဒီအတိုင်းယူသွားမှာပါ။ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာအတိုင်း တယ်လီဖုန်းကို အခြေခံလူတန်းစားမှအစ အသုံးပြုနိုင်ဖို့ပါ။ ပြီးတော့ သမ္မတပြောထားသလို ဆင်းရဲမွဲတေမှု လျော့ချရေးအတွက် ဒီလိုတန်ဖိုးနည်းဖုန်းတွေကို အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း ထုတ်သွားမှာပါ”ဟု အထက်ပါ မန်နေးဂျင်း ဒါရိုက်တာက သတင်းစာရှင်းလင်းပွဲအပြီးတွင် 7Day News ၏ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
အဆိုပါတယ်လီဖုန်းဝန်ဆောင်မှုကို ၅ နှစ်စီမံကိန်းဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ပထမဆုံး တစ်နှစ်အတွင်းတွင် ဆင်းမ်ကတ်တစ်သန်းကို 3G စနစ်ဖြင့်စတင်ရောင်းချပေးသွားရန် စီစဉ်ထားသည်ဟု သိရသည်။ပထမဆုံးတစ်နှစ်အပြီးတွင် 3G မှ 4G သို့ တိုးမြှင့်ဝန်ဆောင်မှုပေးသွားမည်ဟုလည်းသိရသည်။
နိုင်ငံတော်သမ္မတရုံးသို့ တိုက်ရိုက်တင်ပြထားသော အဆိုပါကုမ္ပဏီ၏ စီမံကိန်းသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ နောက်ပိုင်းတွင်အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲသွားရန်စီစဉ်ထားကြောင်းသိရသည်။ရွှေပြည်တံခွန်ကုမ္ပဏီက ယင်းစီမံကိန်းကို အများပြည်သို့ စတင်ရောင်းချရန် မျှော်လင့်ထားသည့်အချိန်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အခြားပုဂ္ဂလိကကုမ္ပဏီအချို့ ပူးပေါင်းဆောင်ရွက်ထားသည့် ကျပ်သုံးသိန်းဝန်းကျင်ဂျီအက်စ်အမ်ဖုန်းများ စတင်ရောင်းချမည့် အချိန်ဖြစ်နေသည်။
ထိုတိုက်ဆိုင်မှုနှင့်ပတ်သက်ပြီး အထက်ပါပုဂ္ဂလိကကုမ္ပဏီမှ တာဝန်ရှိသူက “အစိုးရရဲ့ ကျပ်သုံးသိန်းစီမံကိန်းနဲ့ ပတ်သက်လို့ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က အစိုးရ၀န်ထမ်းတွေ အခြေခံလူတန်းစားတွေနဲ့ နယ်စပ်ဒေသက လူတွေအတွက် အဓိကထားပြီး ရောင်းချပေးမှာဖြစ်လို့ပါပဲ။ ကျွန်တော်တို့ရဲ့စီမံကိန်းကလည်း နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ထားတာဖြစ်လို့ ခွင့်ပြုမိန့်ကလည်း မတ်လအတွင်း ကျလာဖို့များပါတယ်”ဟုပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကျပ်သုံးသိန်းတန် ဂျီအက်စ်အမ်ဖုန်း စီမံကိန်းသည် ပုဂ္ဂလိက ကုမ္ပဏီများဖြစ်သော ထူးကုမ္ပဏီပိုင် E-Lite, Asia Mega Link, Fortune,MDS ကုမ္ပဏီတို့အပါအ၀င် ပုဂ္ဂလိက ကုမ္ပဏီ ၂၀ က အကျိုးတူပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်သည်။
CRedit By - 7 days News Journal

0 Reviews:
Post a Comment